သင်သေသွားသော်
သြော် လူ့ပြည်လောက၊ လူ့ဘ၀ကား
အိုရနာရ၊ သေရဦးမည်
မှန်ပေသည်တည့်။
သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသော မြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။
သင်၏ မျိုးသား၊ စာစကားလည်း
ကြီးပွားတိုးမြင့်၊ကျန်ကောင်းသင့်၏။
သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း။
ဇော်ဂျီ
၁၉၃၅ ခုနှစ် ဒီဇင်ဘာလ အိုးဝေမဂ္ဂဇင်း
ဘယ်ခေတ်၊ ဘယ်အခါမှ မရိုးနိုင်သော၊ လူသား တစ်ဦး၏ တာဝန်ကို ရှင်းရှင်းလင်းလင်း ပြဆိုထားသော ဆရာဇော်ဂျီ၏ ကဗျာကောင်း တစ်ပုဒ်ပါ။ ဆရာဇော်ဂျီ၏ နာရေးလက်ကမ်းတွင်၊ ကဗျာ တစ်ပုဒ် ထည့်သွင်းလို၍၊ ဆရာမင်းသုဝဏ်အား ရွေးချယ်စေရာ၊ အဆိုပါ ကဗျာကို ရွေးချယ်ပေးခဲ့သည်။ ဆရာဇော်ဂျီသည် သူ့ဘ၀ တစ်လျှောက်လုံး သူရေးစပ်ခဲ့သော ကဗျာအတိုင်း လိုက်နာကျင့်သုံးပြီး၊ အမျိုး၊ ဘာသာ၊ စာပေကို တိုးတက်အောင် တတ်စွမ်းသ၍ လုပ်ဆောင်သွားခဲ့သည်။ ဒါကြောင့်လည်း ဆရာ့ကို အမျိုးသားစာဆိုလို့ တစ်နိုင်ငံလုံးက တလေးတစား ခေါ်ဝေါ်နေကြတာ မဟုတ်လား။
No comments:
Post a Comment